နွေရာသီနဲ့ ပျိုမေတို့ရဲ့ ကျန်းမာရေး
တဖြည်းဖြည်း အပူချိန်တွေ မြင့်တက်ရင်း နွေရာသီကို ရောက်လာခဲ့ပြီနော်။ နွေရာသီရဲ့ အပူချိန်က ပုံမှန်အပူချိန်ထက် ပြင်းလာတာနဲ့အတူ ခန္ဓာကိုယ်ကလည်း မြင့်တက်လာတဲ့ အပူချိန်ကို ထိန်းညှိဖို့ အတော်လေး ကြိုးပမ်းနေရပါတယ်။
ဒီလို အပူချိန်ကို ထိန်းညှိရင်း အပူကြောင့် ကြွက်တက်တာ၊ အပူကြောင့် ခြေကုန်လက်ပမ်းကျတာတွေကို ခံစားရနိုင်သလို အပူလျှပ်တာလိုမျိုး ကျန်းမာရေး ပြဿနာတွေကိုလည်း ခံစားရနိုင်ပါတယ်။ ဒီလို မြင့်တက်တဲ့ အပူချိန်ကြောင့် ပျိုမေလေးတွေရော ဘယ်လို ကျန်းမာရေးပြဿနာတွေ ခံစားရနိုင်လဲဆိုတာကိုရော သိပြီးကြပြီလား? မသိသေးဘူး ဆိုရင်တော့ စာလေးကို ဆုံးအောင်ဖတ်ရင်း လေ့လာလိုက်တော့နော်။
နွေရာသီရဲ့ အပူရှိန်က ပျိုမေလေးတွေကို ဘယ်လိုများ ထိခိုက်စေမလဲ?
နွေရာသီရဲ့ အပူရှိန်က ပျိုမေလေးတွေရဲ့ ကျန်းမာရေးကို အခုလို ထိခိုက်စေနိုင်ပါတယ်။
ဝက်ခြံ ဖြစ်စေနိုင်တယ်
နွေအပူချိန်က ဝက်ခြံကို ပိုဖြစ်စေနိုင်ပါတယ်။ အထူးသဖြင့် နေလောင်ကာခရင်မ် မလိမ်းတဲ့ ပျိုမေလေးတွေမှာပေါ့။ နေအပူကြောင့် ဝက်ခြံထွက်တာက အမျိုးသားတွေမှာရော အမျိုးသမီးတွေမှာပါ ဖြစ်နိုင်တယ်ဆိုပေမယ့် အမျိုးသမီးလေးတွေ့ မိတ်ကပ်အပါအဝင် အခြားသော မျက်နှာပေးမှာ လိမ်းခြယ်တဲ့ ချွေးပေါက်ကို ပိတ်ဆို့စေနိုင်တဲ့ အရာလေးတွေကြောင့် ဝက်ခြံ ဖြစ်နိုင်ခြေ ပိုများနေတာပါ။
နေလောင်တာ ဖြစ်စေနိုင်တယ်
နေလောင်တာကလည်း နွေရာသီမှာ ပျိုမေလေးတွေ အဖြစ်များတဲ့ ကျန်းမာရေးပြဿနာ တစ်ခုပေါ့။ နေလောင်ခရင်မ်လိမ်းဖို့ ပျင်းတဲ့ ပျိုမေလေးတွေမှာ ဖြစ်နိုင်ခြေ ပိုများပါတယ်။ နေလောင်တာကြောင့် အသားအရေ ထိခိုက်တာတွေကို ကာကွယ်ဖို့ဆိုရင် နေရောင်ထဲ မထွက်ခင် နာရီဝက်အလိုကတည်းက နေလောင်ကာခရင်မ်ကို လိမ်းပေးပါ။
အရေပြားပွန်းတာ ဖြစ်စေနိုင်တယ်
အရေပြားပွန်းတာ အထူးသဖြင့် ရင်သားအောက်ဖက်နားတွေမှာ ပွန်းတာမျိုးပါ။ ဘရာဝတ်တဲ့ အမျိုးသမီးလေးတွေမှာရော ခါးပြည့်ဝတဲ့ အမျိုးသမီးလေးတွေမှာပါ ဖြစ်နိုင်ပါတယ်။ ချွေးစားတာနဲ့ အတွင်းဝတ်ကို တင်းတင်းကျပ်ကျပ် ဝတ်တာကြောင့် အရေပြားမှာ ပွန်းတာမျိုးကို ဖြစ်စေနိုင်ပါတယ်။
ပေါင်ခြံပွန်းတာ ဖြစ်စေနိုင်တယ်
အတွင်းခံ ဘောင်းဘီကို တင်းတင်းကျပ်ကျပ် ဝတ်ဆင်ထားတာကြောင့် ပေါင်ခြံတွေမှာ ပွန်းတာမျိုးက အခြားအချိန်တွေထက် နွေရာသီမှာ အဖြစ်များပါတယ်။ အထူးသဖြင့် ရာသီလာချိန်မှာ လစဉ်သုံးတွေကြောင့်လည်း ပေါင်ခြံတွေမှာ ပွန်းပြီး သေချာ ဂရုမစိုက်မိရင်တော့ ပိုးဝင်တာမျိုးတွေအထိ ပြင်းထန်နိုင်ပါတယ်။
ဆီးကျဉ်တာ ဖြစ်စေနိုင်တယ်
နွေရာသီမှာ ချွေးထွက်များတာကြောင့် ရေများများကို သောက်ပေးဖို့ လိုမှာပါ။ တကယ်လို့ နွေရာသီမှာ ချွေးထွက်များရက် ရေကို လုံလောက်အောင် မသောက်မိဘူးဆိုရင်တော့ ရေသောက်နည်းတာကြောင့် ဆီးအရောင်ရင့်တာ၊ ဆီးကျဉ်တာလိုမျိုး ပြဿနာတွေကို ခံစားရနိုင်ပါတယ်။ ပြင်းထန်မယ်ဆိုရင်တော့ ဆီးသွားရခက်တာမျိုးတွေအထိ ခံစားရနိုင်ပါတယ်။
မိန်းမကိုယ် ပိုးဝင်တာ ဖြစ်စေနိုင်တယ်
နွေရာသီမှာ ရေသန့်ရှင်းမှု အားနည်းတာကို နေရာတော်တော်များများမှာ ခံစားရနိုင်ပါတယ်။ ဒီလို ရေသန့်ရှင်းမှု အားနည်းတာ။ မိန်းမကိုယ်ကို သေချာလေး မသန့်ရှင်းမိတာတွေကြောင့် မိန်းမကိုယ်မှာ ပိုးဝင်တာမျိုးတွေ ခံစားရနိုင်ပါတယ်။ နွေအပူဒဏ် မြင့်တက်နေချိန်မှာ ကျန်းမာစေဖို့ မိန်းမကိုယ် သန့်ရှင်းရေးကိုလည်း သေချာလေး ဂရုစိုက်ဖို့ လိုပါမယ်။
ရာသီလာချိန်မှာ ခြေကုန်လက်ပမ်းကျလွယ်တာ ဖြစ်စေနိုင်တယ်
ရာသီလာချိန်မှာ ရာသီသွေးနဲ့အတူ ရေနဲ့ ဓာတ်ဆားဓာတ်တွေကိုပါ ဆုံးရှုံးသွားတာပါ။ ဒါကြောင့် ရာသီလာချိန်မှာ ခြေကုန်လက်ပမ်းကျတာကို ခံစားရတာ ပုံမှန်ပဲဆိုပေမယ့် နွေရာသီမှာတော့ ပိုပြီး ပြင်းပြင်းထန်ထန် ခံစားရနိုင်ပါတယ်။ အကြောင်းကတော့ နွေရာသီမှာ ချွေးထွက်များတာကြောင့် ကိုယ်ထဲက ရေနဲ့ ဓာတ်ဆားဓာတ်တွေကို အခြားအချိန်တွေထက် ပိုဆုံးရှုံးနေရချိန်မှာ ရာသီသွေးပါ ထပ်ပြီး ဆင်းမယ်ဆိုရင်တော့ ရာသီလာချိန်မှာ ခြေကုန်လက်ပမ်းကျတာကို ခံစားရမှာ အသေအချာပါပဲ။
မွန်မွန်